လုပ်အားဆိုတာ ဘာလဲ

By Min Min Htet
Sun, 30-Jan-2022, 22:10


လုပ်အားဆိုတာ ဘာလဲ?

လုပ်အား ဆိုတာ ရောင်းကုန်ပါပဲ

“ဈေးရောင်းတယ်” ဆိုတဲ့ စကားကို လူတိုင်း ရင်းနှီးပြီးသားပါ။ နေ့တိုင်း ကြားနေကြ ဖြစ်မှာပါ။ အရွယ်ရောက်တဲ့လူတိုင်း နဲ့ဆိုင်ပါတယ်။ ဒါကို တစ်ချိန်ချိန် ကြုံတွေ့ရမယ် ဆိုတာကို ဂရုမစိုက်မိလို့ သတိမထားမိတာလည်း ဖြစ်နိုင်ပါတယ်။ တစ်ချို့က ပြောကြတယ်။ သူတို့မှ ဈေးမရောင်းတာ။ ဘယ်လိုလုပ်သက်ဆိုင်မှာလဲပေါ့။ ဒီလိုမေးရင် တော့ “ဈေးရောင်းတယ်” ဆိုတဲ့ အဓိပ္ပါယ်ကို နားမလည်သေးတာ သေချာပါပြီ။ ဈေးမှာ သွားပြီး ဝယ်သူတွေ လိုအပ်တဲ့ စားသောက်ကုန်တွေ၊ အသုံးဆောင်ပစ္စည်းတွေကို ရောင်းမှ “ဈေးရောင်းတယ်”လို့ ခေါ်တာ မဟုတ်ပါဘူး။ ရိုးရိုးရှင်းရှင်းပြောရရင် “ဈေးရောင်းတယ်” ဆိုတာ ကုန်ပစ္စည်းကို ဈေးကွက်ရှိတဲ့ နေရာမှာ သွားရောင်းတာလို့ မှတ်ယူနိုင်ပါတယ်။

ဒါဆိုရင်တော့ စာဖတ်သူများ အဓိပ္ပါယ်ကို နားလည်ဖို့ နီးစပ်လာပါပြီ။ ဒီထက်ပိုပြီး ရှင်းရှင်းလင်းလင်း နားလည်အောင် မရှင်းပြခင် ဥပမာ တစ်ခုလောက် အရင်ဖတ်ကြည့် ပါဦး၊ “အပေး .. အယူ” ဆိုပါစို့။ ရှင်းပါတယ်။ ပေးမယ် … ပြီးရင် ယူမယ်။ လိုအပ်တာကို ပေးမယ်။ တန်ရာ တန်ဖိုးကို ပြန်ယူမယ်။ ဒီလိုအပေးအယူကို စာရေးသူအနေနဲ့ “ဈေးရောင်းတယ်” လို့ပဲ ဥပမာပေးသုံးနှုန်းခွင့်ပြုပါ။ ဘာကြောင့်လဲဆိုတော့ ဈေးရောင်း တယ် ဆိုတာကလဲ စားသုံးသူ ဒါမှမဟုတ် ဝယ်သူလိုအပ်တဲ့ ကုန်ပစ္စည်းကို ပေးမယ်။ တန်ရာ တန်ဖိုးကို ဝယ်သူဆီကနေ ယူမယ်။ ဒါက ဈေးရောင်းခြင်းအတွက် အခြေခံ စည်းကမ်းလို့ ဆိုရင် မမှားပါဘူး။ တစ်နည်းပြောရရင် “ဈေးရောင်းတယ်” ဆိုတဲ့ စကား ရပ်ကို သေသေချာချာ နားလည်လာစေမယ့် သဲလွန်စ တစ်ခုပါ။ ရောင်းတဲ့နေရာမှာ လည်း တဆင့်ခံ ရောင်းမယ်။ တိုက်ရိုက် ရောင်းမယ်။ တစ်ချို့ဆို အချိန်ကာလ အကန့် အသတ်နဲ့ ရောင်းမယ်(အငှား)စတာ မျိုးတွေကိုတောင် ကြုံတွေ့ကြရမှာပါ။

ဒါဆို ဈေးရောင်းတာက အရွယ် ရောက်ပြီး လူတိုင်းနဲ့ သက်ဆိုင်သလို တစ်ချိန် ချိန် ကြုံတွေ့ရမယ်ဆိုတဲ့ ကိစ္စကို ပြန်စဉ်းစား ကြည့်ရအောင်။ ဈေးသည်လို့ အများခေါ် တဲ့ သူတွေလည်း ဈေးရောင်းကြသလို လုပ်ငန်းရှင်တွေလည်း ဈေးရောင်းတယ်။ အလုပ် သမားတွေလည်း ဈေးရောင်းကြတယ်။ တစ်သီးပုဂ္ဂလ ပညာရှင်တွေလည်း ဈေးရောင်း ကြပါတယ်။ ဘာတွေရောင်းကြတာလဲ။ တစ်ချို့တွေက ကုန်ပစ္စည်းကို ရောင်းကြတယ်။ ဒါကတော့ ရှင်းတယ်။ အားလုံး တွေ့မြင်နေကြ ဈေးသည်တွေပေါ့။ လုပ်ငန်းရှင်တွေ လည်းပါတာပေါ့။ တစ်ချို့က ကာယလုပ်အားကို ရောင်းတယ်။ (ဥပကမာ - ဝန်ဆောင်မှု ပေးသူ၊ ပျံကျ လုပ်သား၊ အလုပ်ကြမ်း သမား။) တစ်ချို့က ဉာဏ စွမ်းပကားကို ရောင်းကြတယ်။ (ဥပမာ - အတိုင်ပင်ခံ၊ ကျောင်းဆရာ၊ စာရေးဆရာ။) ဒါ့အပြင် ကာယ၊ ဉာဏ ၂ မျိုးစလုံးကို ရောင်းတာလည်း ရှိပါတယ်။ (ဥပမာ - ဆရာဝန်၊ အင်ဂျင်နီယာနှင့် အတက်ပညာရှင်များ။)

အမြတ်အစွန်းကို မမျှော်ကိုး၊ တန်ရာ တန်ကြေးမယူပဲ ဈေးကွက် လိုအပ်ချက်အရ ရောင်းချနေသူတွေ အတွက်ကိုတော့ ဈေးသည် ဆိုတာထက် ပံ့ပိုးကူညီသူ (Market Supporter) လို့ပဲ ချွင်းချက်အနေနဲ့ စာရေးသူ သုံးနှုန်းချင်ပါတယ်။ ဘာကြောင့်လဲဆို တော့ ဈေးသည်ဆိုတဲ့ အသုံးအနှုန်းကို တစ်ချို့က မကြိုက်ကြသလို ဈေးရောင်းနေတာ လို့ ပြောရင် ပိုလို့တောင် ဆိုးတယ်။ မည်သို့ပင်ဆိုစေကာမှု လူတိုင်း ပုံစံ အမျိုးမျိုးနဲ့ ဈေးရောင်းနေကြတာပါ။ တစ်နည်းအားဖြင့် အားလုံးနဲ့ သက်ဆိုင်တယ်ပေါ့။ ဒါကြောင့် “အရွယ်ရောက်ပြီး လူသားများသည် ဈေးသည်များ ဖြစ်ကြသည်” ဆိုတဲ့ အဆိုအမိန့် တစ်ခုကို အတွေးအခေါ် ပညာရှင်တွေ အတွက် ထပ်တိုးပေးရမလိုပါပဲ။

ကဲ … ဒါဆို ဈေးရောင်းတဲ့ သူချင်းအတူတူ (ဆိုလိုချင်တာက လုပ်ငန်း လုပ်တဲ့ သူချင်းအတူတူ) တစ်ချို့က မရောင်းရဘူး၊ တစ်ချို့က ရှုံးတယ် / မြတ်တယ် ဆိုတာ တွေ ဖြစ်လာတယ်။ ဒီလိုပဲ အလုပ်ခွင်ဝင်ရောက်ဖို့ ကြိုးစားကြတဲ့ သူချင်း အတူတူ အဆင်ပြေတယ်၊ မပြေဘူး၊ အရွေးခံ ရတယ် / မခံရဘူး။ ပြီးတော့ လုပ်ငန်းခွင် ဝင်ရောက်နေတဲ့ သူချင်းအတူတူ ရာထူး/လစာ တိုးတယ်၊ မတိုးဘူး ဆိုတာတွေ ဘာ ကြောင့် ဖြစ်လာတာလဲ။ အရည်အချင်းကွာဟမှုကြောင့် ဖြစ်ပါတယ်။ ကျွမ်းကျင်မှုလို့ လည်း ပြောလို့ရပါတယ်။

ကဲ … ဒါဆို အရွယ်ရောက်ပြီး လူတွေ (ဈေးသည် လို့ပဲ ဆိုပါစို့) အတွက် ဒီလို ရလာဒ်တွေက ဘာလို့ ကွဲပြားနေတာလဲ။ ဒါက စာရေးသူ ဒီဆောင်းပါးအတွက် အဓိက ပြောချင်တဲ့ အချက်ပါပဲ။ ရောင်းကုန်ဖြစ်တဲ့ လုပ်အားတွေ ရောင်းတာခြင်း အတူတူမှာ ကျွမ်းကျင်မှုနဲ့ အားစိုက် ထုတ်မှုတွေ ကွာခြားတာကြောင့် ကွဲပြားတဲ့ ရလာဒ်တွေ ထွက် ပေါ်လာတာပါ။ သာမန် ဈေးသည်တွေလိုပဲ ကြည့်လေ။ သူတို့ဈေးတော့ ရောင်းနေတာ ပဲ။ ပြီးရင် ငါ အရင်းပြုတ်တယ်။ သူကမြတ်တယ် ဖြစ်ကြရော။ ဒါသူတို့ ရောင်းတဲ့ ကုန်ပစ္စည်းနဲ့ ပတ်သက်လို့ ဝယ်သူကြိုက်အောင် မစွဲဆောင်နိုင်လို့ပါ။ ဒီလို လုပ်နိုင်တဲ့ သူတွေက စင်ပေါ်ရောက် (မြတ်တာကို ပြောတာနော်။) မလုပ်နိုင်တဲ့ သူတွေက မြောင်း ထဲရောက်ပေါ့။ (ဒါလည်း ရှုံးတာကို ပြောတာ။) ဒီလိုပါပဲ။ လုပ်အားကို ဘယ်လို အသုံး ချရမလဲ ဆိုတာကို သိတဲ့သူ ကျွမ်းကျင်သူတွေက ပုံမှန် ဝိရိယ စိုက်ထုတ်လိုက်တာနဲ့ လုပ်ငန်းအတွက် မရှိ မဖြစ် အရေးပါတဲ့ သူတွေ ဖြစ်လာကြမှာ သေချာပါတယ်။

ဒါကြောင့် စာဖတ်သူများအနေနဲ့ မရှိမဖြစ် အရေးပါတဲ့ လုပ်အား ရောင်းကုန်တွေ ကို ရောင်းချနိုင်အောင် ကြိုးစားကြပါလို့ တိုက်တွန်း ရေးသားရင်း နိဂုံးချုပ်ပါတယ်။ ဆက်လက် တင်ပြမယ့် ဆောင်းပါးတွေမှာလည်း လုပ်အားဆိုတဲ့ ရောင်းကုန်တွေကို အမြင်တင့်တယ်အောင် ဘယ်လို ပြင်ဆင်မလဲ ကျွမ်းကျင်မှုရှိအောင် ဘယ်လို လေ့ကျင့် မလဲ၊ ဝိရိယအား ဘယ်လိုစိုက်ထုတ်မလဲ၊ လုပ်အားယှဉ်ပြိုင်မှုတွေကို ဘယ်လိုရင်ဆိုင် အနိုင်ယူ ကျော်ဖြတ်မလဲ စတဲ့ နည်းလမ်းတွေကို လေ့လာဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။

Tags:

#PhilipKotlerMarketingSharing

Related Updates

This site was designed with Websites.co.in - Website Builder

WhatsApp Google Map

Safety and Abuse Reporting

Thanks for being awesome!

We appreciate you contacting us. Our support will get back in touch with you soon!

Have a great day!

Are you sure you want to report abuse against this website?

Please note that your query will be processed only if we find it relevant. Rest all requests will be ignored. If you need help with the website, please login to your dashboard and connect to support

;