မန်နေဂျာများအတွက် ဆွန်ဇူးရဲ့စစ်ဆင်ရေးပညာ

By Min Min Htet
Sat, 22-Jan-2022, 11:37

“လျို့ဝှက်ထောက်လှမ်းရေးအတွက် ရင်းနှီးမြှုပ်နှံပါ”



ညွန့်သောင်းဆွန်ဇူးကအောက်ပါအတိုင်းဆက်လက်မိန့်ကြားပါတယ်။ အဖွဲ့အစည်းအတော်များများမှာ တွေ့ရတဲ့ပြဿနာက သတင်းအချက်အလက်များကို စုစည်းထားခြင်း၊ ဆက်စပ်၍ပြုလုပ်ခြင်းနဲ့ ဖြန့်ဖြူးရေးတို့နဲ့ဆိုင်တဲ့ကိစ္စတွေဖြစ်တယ်။ အဖွဲ့အစည်းအများစုမှာ သတင်းအချက်အလက်တွေ အများကြီးရှိနေကြပေမယ့် ဒီသတင်းအချက်အလက်တွေ မှန်၊ မမှန်စစ်ဆေးကြည့်ခြင်း မရှိ၊ ဘယ်ကိစ္စမျိုးတွေမှာ အသုံးတည့်တယ်ဆိုတာတွေကို လည်းမသိကြဘူး။ အမေရိကန်ထောက်လှန်းရေးအဖွဲ့ (စီ၊ အိုင်၊ အေ) မှာပင်လျင် ရရှိထားတဲ့ သတင်းအချက်အလက်တွေဟာ အများသိပြီးသားတွေကများတယ်။ လျို့ဝှက်ထောက်လှမ်းလို့ရတာတွေကနည်းတယ်။ ထောက်လှမ်းရေးလုပ်ငန်းရဲ့ အဓိကအလုပ်ဟာ အလွယ်တကူရနိုင်တဲ့ သတင်းအချက်အလက်များကို စနစ်တကျစုစည်းခြင်းနဲ့ အဓိပ္ပာယ်ဖော်ထုတ်ပေးခြင်းပဲဖြစ်တယ်။


မန်နေဂျာများ တွေ့ကြုံရတတ်တဲ့ အခက်အခဲများရဲ့အများစုဟာ သူတို့လုပ်ကိုင်နေရတဲ့ကိစ္စများနဲ့ပတ်သက်ပြီး သေသေချာချာရေရေရာရာမသိဘဲဖြစ်နေတတ်တာမျိုးဖြစ်တယ်။ သေချာအောင်သိချင်ရင်တော့ သတင်းအချက်အလက်တွေကို ရအောင်လုပ်ရတယ်။ ပိုရအောင် လုပ်ရလေလေ ရထားတာတွေကို စိစစ်ရတဲ့အချိန်တွေကို ယူရလေလေပဲ။ တစ်ခုနဲ့တစ်ခုဆက်စပ်မှုရှိမရှိကြည့်ဖို့ကို ခဲယဉ်းသွားတယ်။ အငြိမ်းစားစစ်တပ်ဗိုလ်ချုပ်ကြီးတစ်ဦးရဲ့အဆိုအရဒီခေတ်လိုသတင်းအချက်အလက်ခေတ်ကြီးမှာ ရရှိတဲ့သတင်းတွေက တစ်ပုံတစ်ခေါင်းကြီးကို အလွန်အကျူးကြပ်မတ်ထိန်းချုပ်ပစ်လိုက်ချင်တဲ့စိတ်ကို ချုပ်တည်းထားဖို့၊ မလွယ်ကူဘူးဖြစ်နေတယ်လို့ သိရတယ်။

ဆုံးဖြတ်ချက်တွေချဖို့ အထက်နဲ့အောက် အပြန်ပြန်အလှန်လှန်တင်ပြချပြကြတာတွေ လုပ်နေရတာနဲ့ပဲရန်သူအပေါ် အသာစီးရနိုင်ခြေဟာပျက်ပြယ်သွားတယ်။ တပ်မှူးရဲ့ရည်ရွယ်ချက်ကို သဘောပေါက်နားလည်သွားပြီဆိုရင် တတ်နိုင်သရွေ့အောက်ခြေအဆင့်ရှိတပ်သားတွေကို ချပြသင့်တယ်။ ဒါမှလည်း ဖြစ်ပေါ်လာတဲ့အခွင့်အလမ်းများကို အကျိုးရှိရှိအသုံးချသွားနိုင်မှာဖြစ်တယ်။ Wegmans ဆိုတဲ့ စားသောက်ဆိုင်လက်လီအရောင်းလုပ်ငန်းဟာ အမေရိကန်နိုင်ငံမှာထင်ရှားတဲ့ လုပ်ငန်းကြီးဖြစ်တယ်။ ဒီလုပ်ငန်းကြီးဟာ ဖောက်သည်တွေကြိုက်တာတွေက ဘာလဲ၊ မကြိုက်တာတွေက ဘာလဲဆိုတာသိရအောင် ဒီဖောက်သည်ဆယ်ယောက်လောက်နဲ့ မန်နေဂျာတွေ တွေ့ဆုံဆွေးနွေးပွဲများကို ပြုလုပ်လေ့ရှိတယ်။ ဒီဆွေးနွေးပွဲမှာသက်ဆိုင်ရာ ဆိုင်ခွဲမန်နေဂျာများနဲ့ သူတို့ရဲ့ဖောက်သည်များနဲ့ တိုက်ရိုက်တွေ့ဆုံဆွေးနွေးနေတာဖြစ်တဲ့အတွက် အကြံပေးချက်တွေကို ချက်ချင်းအကောင်အထည်ဖော်သွားနိုင်တယ်။

ဒါကြောင့်လည်း ဒီလုပ်ငန်းကြီးရဲ့ ပျမ်းမျအရောင်းပမာဏဟာ တစ်နိုင်ငံလုံးပျမ်းမျှ အရောင်းပမာဏထက်လေးဆပိုများနေတာဖြစ်တယ်။ဆွန်ဇူးက အောက်ပါအတိုင်း ဆက်လက်တင်ပြထားပါတယ်။’ယေဘုယျအားဖြင့်ဆိုရလျင် တပ်သားတစ်သိန်းကိုဝေးလံတဲ့အရပ်ကို သွားရောက်တိုက်ခိုင်းရတဲ့ စရိတ်စကအတွက် အများပြည်သူတွေဆီကရော၊ နိုင်ငံတော်ဘဏ္ဍာဆီကပါကျခံသုံးစွဲရတဲ့ ရွှေစ (ငွေအဖြစ်သုံးစွဲရတဲ့ ရွှေစတွေ) အရေအတွက်ဟာနေ့စဉ်ထောင်ချီသွားမှာဖြစ်တယ်။ အဲဒီလို သွားတိုက်ရတဲ့နေရာမှာရော၊ ပြည်တွင်းမှာပါ လူတွေဟာ အေးအေးဆေးဆေးမနေရတော့ဘဲ လှုပ်လှုပ်ရွရွ၊ ရုတ်ရုတ်သဲသဲတွေ ဖြစ်ကုန်ကြတယ်။

တိုက်ပွဲအတွက်လိုအပ်တဲ့ သယ်ယူပို့ဆောင်ရေးတွေမှာ ပါဝင်လုပ်ကိုင်ကြရတဲ့အတွက် လုပ်နေကျစိုက်ပျိုးရေးလုပ်ငန်းတွေကို ဆက်မလုပ်နိုင်ကြတော့ဘူး။ စစ်ပွဲအောင်နိုင်ရေးအတွက် နှစ်ဖက်စလုံးကစစ်တပ်တွေဟာ နှစ်နဲ့ချီပြီးတိုက်ခိုက်ကြရတယ်။ အဲဒီလိုအခြေအနေမျိုးမှာငွေရေးကြေးရေးအရ ချီးမြှင့်ပံ့ပိုးပေးမှုလည်းမရှိ၊ ရန်သူရဲ့အခြေအနေကိုလည်း သိနားလည်ခြင်းမရှိဘူးဆိုရင် ဒီလူမျိုးဟာလူစိတ်မရှိဘူးလို့ဆိုရမယ်။ ဒီလူမျိုးဟာ စစ်သားတွေရဲ့ခေါင်းဆောင်မဟုတ်ဘူး၊ ဘုရင်အတွက်အရည်အချင်းရှိတဲ့ အမှုထမ်းတစ်ယောက်လည်း မဟုတ်ဘူး၊ အောင်ပွဲကိုဆောင်ကြဉ်းပေးနိုင်သူလည်းမဟုတ်ဘူး။ မျက်မှောက်ခေတ် တရုတ်စစ်ဗိုလ်ချုပ်ကြီးတစ်ဦး အောက်ပါအတိုင်း သုံးသပ်ထားတယ်။ ရနိုင်သမျ သတင်းအချက်များကို ရှာဖွေစုဆောင်းထားဖို့လိုတယ်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ စစ်တပ်ရဲ့စည်းမျဉ်းစည်းကမ်းတွေထဲမှာ ပထမဆုံးအချက်အနေနဲ့ အောက်ပါအတိုင်း ဖော်ပြထားပါတယ်။ ‘တပ်မှူးတိုင်းဟာ မိမိရဲ့လှုပ်ရှားလုပ်ကိုင်ရာဒေသအတွင်း သတင်းအချက်အလက်များကို စနစ်တကျထောက်လှမ်းစုစည်းထားရမယ်။ အထက်လူကြီးရဲ့ ညွှန်ကြားချက်တွေကိုစောင့်ဆိုင်းမနေနဲ့။ ထောက်လှမ်းရေးလုပ်သင့်၊ မလုပ်သင့်နဲ့ပတ်သက်ပြီး အထက်လူကြီးရဲ့ဆုံးဖြတ်ချက်တွေကိုလည်း စောင့်ဆိုင်းရယူနေဖို့မလိုဘူး။’ ဒုတိယအချက်အနေနဲ့ ဘာတွေလုပ်ရမလဲဆိုတာသိဖို့ မိမိရဲ့ပတ်ဝန်းကျင်နဲ့ ကမ္ဘာပေါ်မှာ လုပ်ကိုင်နေကြတာတွေကို စံနမူနာယူပြီးကြည့်လိုက်ရင် အောင်အောင်မြင်မြင်လုပ်ကိုင်နေကြတာကိုတွေ့ရလိမ့်မယ်။ အနာဂတ်ဖြစ်ရပ်တွေဆိုတာ ကြိုတင်ဟောကိန်းထုတ်ထားလို့ဖြစ်လာတာမဟုတ်ဘူး။ အခုလက်ရှိဖရိုဖရဲဖြစ်ရပ်တွေရဲ့ အကျိုးဆက်တွေဖြစ်တယ်။

မန်နေဂျာရှုထောင့်မှ သုံးသပ်ချက်

အောင်မြင်ရေးအတွက် သတင်းအချက်အလက်တွေဟာအလွန်အရေးကြီးပါတယ်။ စီးပွားရေးလုပ်ငန်းအောင်မြင်စွာလုပ်ကိုင်နိုင်ရေးအတွက် သတင်းအချက်အလက်တွေ ကောင်းကောင်း ရရှိထားဖို့လိုတယ်။ ဒါမှသာ မိမိတို့ရဲ့ကုန်ပစ္စည်းများကို ဘယ်သူတွေကိုအားထားရောင်းချရမလဲဆိုတာသိမှာ ဖြစ်တယ်။ တိကျမှန်ကန်တဲ့ သတင်းအချက်အလက်တွေ ရထားပြီဆိုရင်၊ မိမိတို့မှာရှိတဲ့လူ၊ ပစ္စည်း၊ ငွေအား စတာ တွေကို ပိုပြီးအကျိုးရှိရှိအသုံးချသွားနိုင်တယ်။ သတင်းအချက်အလက်မှန်ကန်နေရင် လုပ်ကိုင်ရာမှာ အမှားအယွင်းနည်းသွားတယ်။ မြင်းပွဲလောင်းကစားရာမှာ မှန်ကန်တဲ့သတင်းအချက်အလက်ရထားရင် တစ်ပွဲတည်းနဲ့ပုံအောပစ်လိုက်လို့ရတယ်။ ပစ္စည်းအရောင်းနဲ့ပတ်သက်တဲ့ အချက်အလက်များကိုရတယ်။ ပစ္စည်းအရောင်းနဲ့ ပတ်သက်တဲ့အချက်အလက်များကို ရှာဖွေမှတ်သားလေ့လာထားရင် တလွဲတချော်တွေ၊ မလုပ်မိအောင် ရှောင်သွားနိုင်တယ်။

သိထားတဲ့ သတင်းအချက်အလက်များကို စုစည်းသုံးသပ်ခြင်းအားဖြင့် ဖြစ်နိုင်ခြေတွေကို ခန့်မှန်းလို့ရနိုင် တယ်။ သတင်းအချက်အလက် စုဆောင်းခြင်းရဲ့ ရည်ရွယ်ချက်ကလည်း ဒါပဲဖြစ်တယ်။လုပ်နည်းကောင်းဖို့ ခန့်မှန်းတွေးခေါ်ကြည့်ခြင်းကောင်းဖို့လိုတယ်။ ခန့်မှန်းတွေးခေါ်ခြင်းကောင်းဖို့ သတင်းအချက်အလက်ကောင်းများ ရှာဖွေစုဆောင်းတတ်ဖို့လိုတယ်။ အမေရိကန်နိုင်ငံရဲ့ အအောင်မြင်ဆုံးစီးပွားရေးလုပ်ငန်းကြီးတွေမှာ ပြည်တွင်းရော ပြည်ပများပါ ဆောင်ရွက်နေတဲ့ ဈေးကွက်အချက်အလက်ရှာဖွေရေးလုပ်ငန်းတွေရှိကြပါတယ်။ ဒီလိုလုပ်ကိုင်နိုင်ခြင်းဟာ မိမိတို့လုပ်ငန်းအတွက် အားသာချက်တစ်ရပ်လို့ ယူဆထားကြတယ်။ ပိုပြီး ကျွမ်းကျွမ်းကျင်ကျင် ပိုပြီးထိထိရောက်ရောက် လုပ်ကိုင်လာနိုင်ကြဖို့ပဲဖြစ်တယ်။ သတင်းအချက်အလက်ရှာဖွေစုဆောင်းရာမှာ မိမိတို့ကြားချင်တဲ့အဖြေမျိုးကိုသာရအောင် မေးမြန်းစုံစမ်းတာမျိုးမဖြစ်သင့်ဘူး။

မိမိတို့ရဲ့ကုန်ပစ္စည်းတွေ၊ ဒါမှမဟုတ် ဝန်ဆောင်မှုတွေကိုသုံးစွဲနေတဲ့နေရာကို ကိုယ်တိုင်သွားရောက် သတင်းယူသင့်တယ်။ မိမိတို့အကြောင်းနဲ့ ပြိုင်ဘက်များရဲ့အကြောင်းကိုသိသွားရင် ကိစ္စပြီးပြီလို့ တလွဲထင်နေတတ်ကြတယ်။ ဒီလိုမဟုတ်ပါဘူး။ သတင်းအချက်အလက်ဆိုတာ အမြဲတမ်းစနည်းနာပြီး စဉ်ဆက်မပြတ်လုပ်ရတဲ့အလုပ်ဖြစ်တယ်။ ကနဦးသိထားတာလေးကို အခြေခံပြီးတလွဲတချော်လုပ်ကိုင်ဆောင်ရွက်ရင် ပြဿနာကိုပိုဆိုးသွားနိုင်တယ်။ ရရှိထားတဲ့သတင်းအချက်အလက် တစ်ပုံတပင်ကြီးကို တလွဲတချော်အဓိပ္ပာယ်ကောက်ယူလုပ်ကိုင်ရင် ဒုက္ခရောက်သွားနိုင်တယ်။ သတင်းအချက်အလက်များကို အကောင်အထည်ဖော်ရာမှာပြဿနာတစ်ရပ်ကတော့ အဖွဲ့အစည်းအတွင်းလုပ်ကိုင်နေကြသူတွေဟာ အစဉ်အလာလုပ်နည်းလုပ်ဟန်များအတိုင်းသာ လုပ်ကိုင်ကြပြီးအသစ်ရရှိထားတဲ့ သတင်းအချက်အလက်များကို မှန်ကန်တယ်ထားဦး လက်မခံလို့ဆိုကြခြင်းပဲဖြစ်တယ်။

တကယ်တော့ မိမိတို့ရဲ့ပြိုင်ဘက်များရဲ့ အားသာချက်တွေနဲ့ အားနည်းချက်တွေကိုသိထားကြရမယ်။ မိမိတို့ရဲ့ ရောင်းကုန်၊ ဝန်ဆောင်မှုနဲ့အတူ အယူအဆများကိုလက်ရှိအခြေအနေအရရော နောင်အနာဂတ်အတွက်ပါ ဈေးကွက်မှာဘယ်လိုဖြစ်လာနိုင်သေးလဲဆိုတာ နားလည်သဘောပေါက်ထားရမယ်။




Tags:

#post

Related Updates

This site was designed with Websites.co.in - Website Builder

WhatsApp Google Map

Safety and Abuse Reporting

Thanks for being awesome!

We appreciate you contacting us. Our support will get back in touch with you soon!

Have a great day!

Are you sure you want to report abuse against this website?

Please note that your query will be processed only if we find it relevant. Rest all requests will be ignored. If you need help with the website, please login to your dashboard and connect to support

;